ဇွန်လ (၁၈) ရက်နေ့ ညသန်းခေါင်ယံကျော်ပြီး ဇွန်လ (၁၉) ရက်နေ့ (၀၁၀၀) နာရီအချိန်ခန့်တွင် မြ၀တီမြို့၊ အမှတ် (၅) ရပ်ကွက်၊ ၀ါးတောရပ်၊ မြစန္ဒီဂေါက်ကွင်းရှေ့ရှိ “စစ်မှုထမ်း(ငြိမ်း)” ထမင်းဆိုင်အား လုပ်ကြံမီးရှို့မှု ဖြစ်ပွားခဲ့သည်။ ဆိုင်ရှင် စစ်မှုထမ်း အငြိမ်းစား ဦးမောင်မောင်သန်းနှင့် ဇနီး မီးရှို့မှုကို အချိန်မှီ သိရှိသွားသဖြင့် မီးငြိမ်းသတ်လိုက်နိုင်ပြီး မီးရှို့လုပ်ကြံသူ တရားခံ ထွက်ပြေးသွားခဲ့သည်။ ထွက်ပြေးသွားသော တရားခံ၏ ဖိနပ်တစ်ဘက်နှင့် ဓါတ်ဆီပါရှိသော ရေသန့်ဘူး ကျန်ရစ်ခဲ့သည်။ မီးရှို့ လုပ်ကြံထွက်ပြေးသွားသူ တရားခံမှာ ဘိုဘိုဖြစ်ကြောင်းနှင့် ဘိုဘို ထွက်ပြေးလွတ်မြောက်စေရန် သူ၏အလုပ်ရှင် မသန်းနွယ်ထွန်းမှ ဆိုင်ကယ်ဖြင့် တင်ဆောင်သွားကြောင်း မျက်မြင်သက်သေ အချို့၏ ပြောဆိုချက်အရ သိရှိရသည်။
ပတ်ဝန်းကျင်နေ ပြည်သူများ၏ ထုတ်ဖော် ပြောဆိုချက်များအရ မသန်းနွယ်ထွန်းသည် ဦးမြင့်မောင်ပိုင်ဆိုင်သော ခြံမြေကို မမှန်မကန် သိမ်းယူထားသူဖြစ်ပြီး ၎င်းခြံမြေပေါ်တွင် စစ်မှုထမ်းငြိမ်း ထမင်းဆိုင်၊ ထူးစံဆိုင်ကယ်ပြင်ဆိုင်၊ ဇလုံကြီးထမင်းဆိုင်၊ ဒိုင်နမိုပြင်ဆိုင် စသည်တို့အား မြေဌားရမ်းခ ယူလာခဲ့သည်မှာ (၅) နှစ်ကျော်လာခဲ့ပြီးဖြစ်ကြောင်း ပိုင်ရှင်အစစ်ဖြစ်သူ ဦးမြင့်မောင်မှ လွန်ခဲ့သည့် မတ်လကုန်ပိုင်းတွင် စတင်တရားစွဲဆို အမှုဖြစ်ပွားနေကြောင်း၊ တရားစွဲဆိုခံရပြီးနောက်တွင် မသန်းနွယ်ထွန်းမှ မြေဌားခယူထားသော ဆိုင်များအား ထွက်ခွာပေးရန် တောင်းဆိုထားသည်ကို လက်မခံကြဘဲ ဆက်လက်ရပ်တည်နေထိုင်လျှက် မြ၀တီခရိုင် တရားရုံး၏ ဆုံးဖြတ်ချက်အရ ခြံမြေပိုင်ရှင် ဖြစ်သူနှင့်သာ ညှိနှိုင်းမည်ဟု တုန့်ပြန်ထားကြောင်း၊ မသန်းနွယ်ထွန်းသည် လက်နက်ကိုင် တပ်တစ်ဖွဲ့မှ စိန်ကုလားဆိုသူအား အသုံးချကာ ရာအိမ်မှူး ဦးတရုတ်ကို ခြိမ်းခြောက်ပြောဆိုပြီး ၎င်းမြေဌားထားသည့်ဆိုင်များ ထွက်သွားရန် ခြိမ်းခြောက်သော်လည်း မအောင်မြင်ခဲ့ကြောင်း အထူးသဖြင့် မသန်းနွယ်ထွန်းသည် (၅) နှစ်ကျော်အတွင်း ရယူထားသော မြေဌားခများအနည်ဆုံးကျပ် သိန်းလေးဆယ်ကျော် အတွက် တရားစွဲ ပြန်တောင်းယူမည်ကို စိုးရိမ်သောကြောင့် ယခုလို မီးရှို့လုပ်ကြံခြင်းဖြစ်ကြောင်း သိရှိရသည်။
တရားခံ ဘိုဘို
မီးရှို့ထွက်ပြေးသွားသော တရားခံဘိုဘိုသည် မသန်းနွယ်ထွန်း၏ အိမ်ဆောက်လုပ်ရာတွင် ပါဝင်သော အလုပ်သမားတစ်ဦးဖြစ်သည်။ အမှုဖြစ်ပွား နေသောကြောင့် အိမ်ဆောက်လုပ်ခြင်း ရပ်တန့်ထားရန် ရပ်ကွက်အုပ်ချုပ်ရေးရုံးမှ တားမြစ်ထားပြီး ဖြစ်သည်။ မီးရှို့ထွက်ပြေးသူတရားခံ ဘိုဘိုအား ၁၉-၆-၂၀၁၃ ရက်နေ့ မွန်းလွဲပိုင်းတွင် မြ၀တီ ပြည်သူ့ရဲတပ်ဖွဲ့မှ ဖမ်းဆီး လိုက်ပြီး အမှုစစ်ဆေးအရေးယူလျက် ရှိကြောင်း စုံစမ်းသိရှိရပါသည်။ ဦးမြင့်မောင်မှ အမှုစွဲဆိုထားသည့် မသန်းနွယ်ထွန်းနှင့် ခြံမြေပိုင်ဆိုင်မှု အငြင်းပွားပြဿနာအားပြည်သူရဲတပ်ဖွဲ့၊ ရပ်ကွပ်အုပ်ချုပ်ရေးနှင့် မြ၀တီခရိုင် တရားရုံးတို့မှ ဥပဒေနှင့်အညီ ကောင်းမွန်စွာ ဆောင်ရွက်ဖြေရှင်းပေးသည့်ကြားမှ ယခုလို မီးရှို့လုပ်ကြံမှုသည် ကြီးမားသော မီးလောင်မှုအန္တရာယ်ကျရောက်နိုင်ကြောင်း စစ်မှုထမ်းငြိမ်း ထမင်းဆိုင်ပိုင်ရှင် ဦးမောင်မောင်သန်းအတွက်လည်း အလွန်အန္တရာယ်ကြီးကြောင်း မြ၀တီဒေသခံပြည်သူများမှ ပြောဆိုလျှက် ရှိကြောင်း သိရှိရပါသည်။
ကိစ္စနှင့်ပတ်သက်၍ မလိုလားအပ်ဘဲ လက်နက်ကိုင်တပ် တစ်ဖွဲ့ဖွဲ့မှ ၀င်ရောက်စွက်ဖက်ခြင်းမပြုရန်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဥပဒေနှင့်အညီ မှန်ကန်စွာ ဖြေရှင်း ဆောင်ရွက်ဖြေရှင်းမှုကို လက်ခံကြရန် ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း (PVA) မှ တိုက်တွန်းစည်းရုံးပေးလျက်ရှိပါသည်။










0 comments:
Post a Comment