Saturday, June 16, 2012

PVA ၏ အမြင်သဘောထား(၁)

ကျနော်တို့ မြန်မာနိုင်ငံသားတွေ ကိုယ့်နိုင်ငံမှာ အဆင်မပြေကြလို့ သူတစ်ပါးနိုင်ငံမှာ အလုပ်လုပ်ကြသူတွေ များသည်ထက် များလာပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံထဲဝင်ပြီး အလုပ်လုပ်ကြတဲ့ မြန်မာပြည်သားတွေ သန်းနဲ့ချီတဲ့အထိ များပြားနေပါတယ်။ ဘယ်ခေတ် ဘယ်အခါကမှ မြန်မာပြည်သားတွေ ထိုင်းနိုင်ငံမှာ ဒီလိုအများအပြား ၀င်ရောက် အလုပ်လုပ်ကြတာ မရှိခဲ့ဘူး။ စက်ရုံ၊ အလုပ်ရုံ ၊ဈေးဆိုင် ၊ခြံမြေ ၊တောင်ယာစိုက်ပျိုးရေး လုပ်ငန်း ၊အိမ်ဖော်အလုပ်စတဲ့…. လုပ်ငန်းခွင်အမျိုးမျိုးမှာ အလုပ်သမားတွေ အဖြစ်နဲ့ မြန်မာပြည်သားတွေဟာ အလုပ်လုပ်နေကြတယ်။ 

အများအားဖြင့် တရားဝင်လက်မှတ် အထောက်အထားတွေ မရှိကြဘူး။ ဒီလိုအလုပ်လာလုပ်ကြတဲ့ မြန်မာပြည်သားတွေဘ၀မှာ သူတို့ အလုပ်ရှင်ဖြစ်စေ၊ ထိုင်းဖြစ်စေ၊ မြန်မာပြည်သားချင်းကဖြစ်စေ၊ မတော်မတရား လုပ်တာတွေ၊ အနိုင်ကျင့်မှုတွေ ခေါင်းပုံဖြတ်မှုတွေနဲ့ ကြုံတွေ့ရလေ့ ရှိပါတယ်။ ကျနော်တို့ မြန်မာပြည်သားတွေ ထိုင်းနိုင်ငံမှာ ဒီလိုပြသနာတွေ၊ အခက်အခဲတွေ ကြုံတွေ့ရတဲ့အခါ လက်တွေ့ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ အားနည်းချက်တွေ ရှိကြတယ်။ 

သူများနိုင်ငံဖြစ်လို့ စိတ်အားငယ် စိုးရိမ်ကြောက်ရွံ့မှု၊ ရဲ၊ တရားရုံးအပါအ၀င် အာဏာပိုင်များနှင့် ရင်ဆိုင်ရန် စိုးရိမ်ကြောက်ရွံ့မှု၊ ဘာသာစကားအခက်အခဲ၊ ဥပဒေကြောင်းနှင့် အခွင့်အရေးဆိုင်ရာ အသိအမြင်ဗဟုသုတ နည်းပါးခြင်း၊ လုံခြုံမှုမရှိခြင်း…. စတဲ့ အားနည်းချက်တွေ ရှိကြတယ်။ ဒီလို ကိုယ့်မြန်မာနိုင်ငံသား ပြည်သူတွေရဲ့ အားနည်းချက်တွေကို နားလည်သိရှိပြီး သူတို့ ကြုံတွေ့ရတဲ့ ပြသနာ၊ အခက်အခဲ၊ မတော်မတရား ပြုခံရမှုတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ အတွက် ကူညီအားဖြည့် ဦးဆောင်မှုပေးတဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေ ရှိဖို့လိုပါတယ်။ မြန်မာပြည်သားအလုပ်သမားတွေကို အကူအညီပေးတဲ့ အဖွဲ့အစည်းတွေ မဲဆောက်မှာ တော်တော်များများ ရှိပါတယ်။

အလုပ်သမားများ အခွင့်အရေးအတွက် ဥပဒေအရ ဆောင်ရွက် ကူညီပေးမှုကိုသာ ပြုတဲ့အသင်းအဖွဲ့၊ အမျိုးသမီးရေးကိုသာ ဆောင်ရွက်တဲ့အဖွဲ့၊ ဥပဒေရေးနှင့်သက်ဆိုင်မှ အကူအညီပေးတဲ့ အဖွဲ့ ၊သာရေး နာရေးကိုသာ ဆောင်ရွက်တဲ့အဖွဲ့၊ ပညာရေးကိုသာ ဆောင်ရွက်တဲ့အဖွဲ့ ၊ကျန်းမာရေးကိုသာ ဆောင်ရွက်တဲ့ အသင်းအဖွဲ့ စသဖြင့် သူ့ရွေးချယ်မှုနဲ့သူ လုပ်ငန်းအမျိုးအစား တစ်ခုကိုသာ ဦးစားပေး လုပ်ကိုင်ဆောင်ရွက်တဲ့ အသင်းအဖွဲ့တွေ သာ များစွာရှိပါတယ်။ အဲဒီအသင်းအဖွဲ့တွေ ဖွဲ့စည်းပေါ်ပေါက်တာ အချို့အသင်းအဖွဲ့တွေ ဆယ်စုနှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ အချို့အသင်းအဖွဲ့တွေကတော့ သက်တမ်း (၄) နှစ်၊ (၅)နှစ် လောက်တော့ ရှိကြပါတယ်။ ဒီအသင်းအဖွဲ့တွေရဲ့ ဆောင်ရွက်အားထုတ်မှုတွေဟာ ထိုင်းမြေပေါ်မှာ လာရောက် ရပ်တည်နေကြရတဲ့ မြန်မာနိုင်ငံသား ပြည်သူများအတွက် ပြည့်စုံလုံလောက် ထိရောက် ကောင်းမွန်ပါရဲ့လားလို့ ဝေဖန်သုံးသပ်ကြည့်ဖို့ လိုပါတယ်။

ပြည့်စုံလုံလောက် ထိရောက် ကောင်းမွန်မှုရှိပါက ကျနော်တို့ PVA ဖွဲ့စည်းပေါ်ပေါက်လာဖို့ မလိုအပ်ပါဘူး။ မြန်မာပြည်သားတွေ ငွေကြေးအလိမ်ခံရမှု၊ အနိုင်ကျင့်ခံရမှု၊ အိမ်ထောင်ရေးပြသနာ၊ မူးယစ်ရမ်းကားခြင်း၊ ဥပဒေအရ မဟုတ်ဘဲ အာဏာပိုင်များ အားကိုးပြုပြီး ဖမ်းဆီးချုပ်နှောင်ခြင်း၊ သေဆုံးသူအတွက် နာရေးကူညီမှုလိုအပ်ခြင်း၊ ညအချိန်မတော် အရေးပေါ် အကူအညီလိုအပ်ခြင်း စတဲ့ အကြောင်းကိစ္စတွေနဲ့ ကြုံလာလျှင် ကူညီဆောင်ရွက်ပေးမယ့် အသင်းအဖွဲ့တွေ မရှိပါဘူး။ အလုပ်သမားအရေး အကူအညီပေးတဲ့ အဖွဲ့၊ ဒီကိစ္စတွေ အလုပ်သမားအရေးကိစ္စမဟုတ်လို့ မကူညီဘူး၊ ဥပဒေရေးအဖွဲ့ကလည်း ဥပဒေရေးကိစ္စမဟုတ် မကူညီဘူး။ ဒီကိစ္စတွေကို မဆောင်ရွက်ပေးဘူးလို့ဘဲ ငြင်းပယ်ကြပါလိမ့်မယ်။ 

ကိုယ့်မြန်မာပြည်သူတွေ သူတစ်ပါးနိုင်ငံမှာ ကြုံတွေ့ရတဲ့ ဘယ်အခက်အခဲ၊ ဘယ်အရေး ကိစ္စဖြစ်စေ၊ ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ကူညီတဲ့ အဖွဲ့ရယ်လို့ မရှိဘူး။ သူတစ်ပါးနိုင်ငံမှာ ကိုယ့်ပြည်သူတွေ ဘယ်အရေးကိစ္စ အတွက်ဖြစ်စေ ကူညီဆောင်ရွက်ပေးနိုင်တဲ့ ယုံကြည်အားထားနိုင်တဲ့ အဖွဲ့အစည်း တစ်ရပ်တော့ ရှိသင့်ပါတယ်။ ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့ အနေနဲ့ PVA ဖွဲ့စည်း ပေါ်ပေါက်လာရတာ ဖြစ်ပါတယ်။ 

PVA ဆိုတာ ဒီလိုအဖွဲ့အစည်းပါလားလို့ သိမြင်ကြ စေလိုပါတယ်။ - PVA သည် ပြည်သူတို့အပေါ် စိတ်ရင်းစေတနာကောင်းရှိသူများနှင့် ဖွဲ့စည်းထားသည်။ - PVA သည် ပြည်သူတို့၏ လိုအပ်ချက်ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးဘို့ ကြိုးစားသွားမည်။ - PVA သည် ပြည်သူတို့အတွက် အချိန်တိုင်းတွင် အဆင်သင့် ရှိသည်။ သိမ်းဆန်း ဗဟိုဦးဆောင်ကော်မတီဝင် (၁) PVA (ဆက်လက်ဖော်ပြပါဦးမည်)

0 comments:

Post a Comment