Tuesday, June 17, 2014

အသက်မပြည့်သေးသည့် ကလေးနှစ်ဦး၏ မှားယွင်းမှု

ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မြန်မာကျောင်းတစ်ကျောင်းတွင် ပညာသင်ကြားလျက်ရှိသော ၁၀ တန်း ကျောင်းသား (မောင်လှဝင်း) နှင့် ၇ တန်းကျောင်းသူ (မဖူးဖူး) တို့ ချစ်သူစုံတွဲ နှစ်ဦးသည် ငယ်ရွယ်သူတို့ သဘာဝအတိုင်း အချစ်နယ် ကျွံမိခဲ့ကြသဖြင့် မဖူးဖူးတွင် ကိုယ်ဝန် (၃) လ ရရှိခဲ့သည်။ ထိုသို့ ကိုယ်ဝန်ရရှိသော အချိန်တွင် မောင်လှဝင်းမှာ မဖူးဖူးအား အတွေ့မခံတော့ချေ။ မဖူးဖူး၏ မိဘများကိုယ်တိုင် မောင်လှဝင်း၏ မိဘများထံသို့ အသိပေး အကြောင်းကြားခဲ့ရာတွင်လည်း မောင်လှဝင်း၏ မိဘများမှ သဘောမတူနိုင်ကြောင်း ခါးသီးစွာ ငြင်းဆန်ခဲ့ကြသည်။ 



ထိုကဲ့သို့ ငြင်းပယ်မှုကြောင့် မဖူးဖူး၏ မိဘများမှ ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း (PVA) ရုံးသို့ (၁၆ - ၆ - ၂၀၁၄) ရက်နေ့တွင် လာရောက် အကူအညီ တောင်းခံခဲ့သည်။ ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း (PVA) အနေဖြင့် နှစ်ဘက်မိဘများနှင့် ခေါ်ယူတွေ့ဆုံ ညှိနှိုင်းပေးခဲ့ပြီး နှစ်ဘက်မိဘများ၏ သဘောတူညီချက် ၊ ခွင့်ပြုချက်များ ရရှိခဲ့၍ ၎င်းကလေး နှစ်ဦးအား နှစ်ဘက်မိဘများနှင့် အသိသက်သေများ၏ ရှေ့မှောက်၌ (၁၇ - ၆ - ၂၀၁၄) ရက်နေ့တွင် လက်ထပ်ထိန်းမြှားပေးခဲ့သည်။

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း (PVA) အနေဖြင့် ကာယကံရှင်များနှင့် မိဘများအား ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ကျဆင်းစေရန် ရည်ရွယ်ချက်မျိုးဖြင့် တင်ခြင်းမျိုး မဟုတ်ဘဲ၊ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား အများစုမှာ စားဝတ်နေရေး အခက်အခဲကြောင့် မိမိတို့၏ သားသမီးများအား အချိန်မပေးနိုင်ခြင်း၊ သားမီးများနှင့်လည်း နွေးထွေးသော ဆက်ဆံမှုများ  မပေးနိုင်ခြင်းကြောင့်ဟု ယူဆသဖြင့် ယခုကဲ့သို့သော ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေးနှင့် မိဘများအနေဖြင့် မိမိတို့၏ သားသမီးများအား အချိန်ပေးပြီး စနစ်တကျ စည်းကမ်းရှိစွာ ဆုံးမပြုပြင် စောင့်ရှောက်ကြရန် လိုအပ်ပါကြောင်း၊ သားသမီးများ အနေဖြင့်လည်း မဖြစ်သင့် မဖြစ်ထိုက်သော ဖြစ်စဉ်များအား ထပ်မံ မဖြစ်ပွားရလေအောင် ရည်ရွယ်ကာ ဖော်ပြခြင်းသာ ဖြစ်ပါသည်။ 

(နာမည်များအား လွဲပြောင်းဖော်ပြထားပါသည်။)

0 comments:

Post a Comment