Thursday, August 7, 2014

သေမှုသေခင်းဖြစ်စဉ်အား တရားခံ ဖော်ထုတ်ခြင်း

ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်ကုလွမ်ကျေးရွာနေ ကိုအေးမင်းစိုးနှင့် မချောစုတို့သည် (၂၈-၆-၂၀၁၀) ရက်နေ့တွင် PVA ရုံးသို့ ရောက်ရှိလာပြီး ဦးလေးတော်စပ်သူ စောလာဆဲသည် (၁၀-၆-၂၀၁၀) ရက်နေ့တွင် ဓါးခုတ်ခံရသဖြင့် မဲဆောက်ဆေးရုံကြီးတွင် ဆေးရုံတက်ရောက် ကုသခဲ့ကြောင်း ဓါးခုတ်ခံရသည့်ဒဏ်ရာမှာ ဦးခေါင်းတွင် (၆)လက်မကျော်ခန့်ရှိပြီး (၁၆)ရက်ကြာ ဆေးဝါးကုသမှုခံယူနေစဉ် (၂၇-၆-၂၀၁၀) ရက်နေ့ နေ့လည်(၂)နာရီတွင် သေဆုံးသွားကြောင်းကို တူမတော်စပ်သူ မချောစုတို့ ဇနီးမောင်နှံမှ PVA ရုံးသို့ အကူအညီတောင်းခံလာခဲ့ပါသည်။ 

ကိုအေးမင်းစိုးနှင့် မချောစု ဇနီးမောင်နှံနှစ်ဦး PVA ရုံးတွင် အကူအညီ တောင်းခံစဉ်

အမှုမှန်ပေါ်ပေါက်ရေးအတွက် စောလာဆဲနေထိုင်သည့် မဲဆောက်မြို့ပြင် အမှိုက်ပုံနှင့် အနီးပတ်ဝန်းကျင်တွင် သွားရောက်စုံစမ်းရာ သေဆုံးသူ၏ တဲအနီးတွင် နေထိုင်သော တစ်ရွာတည်းသား ဦးဂျိုးလေးဆိုသူမှ စောလာဆဲအား ကျောင်းသားဆေးခန်းသို့ ပို့ပေးခဲ့ရာ ကျောင်းသားဆေးခန်းမှ လက်မခံသဖြင့် မဲဆောက်ဆေးရုံသို့ (၁၀-၆-၂၀၁၀) ရက်နေ့တွင် ပို့ပေးခဲ့ကြောင်း စုံးစမ်းသိရှိရပါသည်။ ထို့ကြောင့် PVA မှ ဦးဂျိုးလေးအား သွားရောက် မေးမြန်းရာ လေဖြတ်၍ ဆေးရုံတင်ပေးခဲ့ကြောင်း ပြောပါသည်။ PVA တာဝန်ရှိသူများမှ ခေါင်းတွင်း ဓါးခုတ်ခံထားရသော ဒဏ်ရာအား တွေ့ပါသလားဟု မေးသောအခါ မည်သည့်ဒဏ်ရာမှ မတွေ့ကြောင်းနှင့် လေဖြတ်၍ ဆေးရုံတင်ခဲ့ခြင်းဖြစ်ကြောင်း လိမ်လည်၍ ပြောဆိုခဲ့သည်။ 

ဦးဂျိုးလေး၏ ဖြေဆိုမှုသည် ယုတ္တိမရှိ၍ PVA ရုံးသို့ခေါ်ဆောင်ပြီး မှန်ကန်စွာဖြေဆိုရန် စစ်ဆေးမေးမြန်းရာ သားမက်ဖြစ်သူ သန်းလွင်မှ ဓါးဖြင့် ခုတ်ခဲ့ပါကြောင်း ၀န်ခံခဲ့ပါသည်။ ဖြစ်စဉ်မှာ (၅-၆-၂၀၁၀) ရက်နေ့တွင် စောလာဆဲသည် လုပ်ငန်းခွင်အတွင်း၌ လေဖြတ်ချင်သလို ဖြစ်မှုကြောင့် သူငယ်ချင်းများမှ သူ၏တဲသို့ စောစီးစွာ ပို့ဆောင်ခဲ့ကြပါသည်။ ညနေ မှောင်ရီပျိုးချိန်တွင် သန်းလွင်သည် အရက်မူးနေပြီး အရက်ထပ်ဝယ်ရန် စောလာဆဲထံသို့ ပိုက်ဆံသွားချေးမည်ဟု ဦးဂျိုးလေးကိုပြောကာ ထွက်သွားပါသည်။ သန်းလွင်သည် စောလာဆဲထံ၌ ပိုက်ဆံ တစ်ထောင့်ငါးရာ ချေးပေးရန် ပြောခဲ့ရာ စောလာဆဲမှ အကြွေးပေးရန် ရှိ၍ မပေးနိုင်ကြောင်း ပြောဆိုခဲ့သဖြင့် သန်းလွင်မှာ အပြင်သို့ ထွက်ခွာသွားခဲ့ပါသည်။ ည(၉)နာရီခန့်တွင် သန်းလွင်သည် စောလာဆဲ အိပ်သည့်အချိန်၌ ပိုက်ဆံအလစ်ဝင်ခိုးခဲ့ရာ စောလာဆဲမှ တွေ့ရှိသွားခဲ့သဖြင့် ဓါးဖြင့် ခုတ်ခဲ့ခြင်း ဖြစ်သည်။

စောလာဆဲတဲမှ သန်းလွင်အလောတကြီး ထွက်သွားသည်ကို ဦးဂျိုးလေးမှ တွေ့ရှိခဲ့သဖြင့် တဲအနီးသို့ သွားကြည့်သောအခါ စောလာဆဲမှာ ဦးခေါင်းတွင် ဓါးဒဏ်ရာရရှိကာ တဲအောက်သို့ ပြုတ်ကျနေသည်ကို တွေ့ရှိခဲ့သော်လည်း မသိကျိုးကျွံပြုကာ မိမိအိမ်သို့ ပြန်အိပ်ခဲ့ပါသည်။ နောက်နှစ်ရက်အကြာတွင်မှ ဦးဂျိုးလေးသည် စောလာဆဲအား ကျောင်းသားဆေးခန်းသို့ ပို့ပေးခဲ့ခြင်းဖြစ်ပြီး လူနာအခြေအနေမှာ ဆိုးရွားသဖြင့် မဲဆောက်ဆေးရုံကြီးသို့ ပြောင်းရွှေ့ပို့ပေးခဲ့ခြင်းဖြစ်သည်။

ယခုအချိန်တွင် သန်းလွင်သည် မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင် ရွာသစ်သို့ ထွက်ပြေး တိမ်းရှောင်သွားခဲ့ပါသည်။ ဤအမှုနှင့် ပတ်သက်၍ PVA မှ ဦးဆောင်ပြီး ထိုင်းရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ရာ ထိုင်းရဲမှ တရားခံပြေးအား ဖမ်းဝရမ်းထုတ်ခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့လည်း တရားခံအား ဖမ်းဆီးရရှိနိုင်ရေး အကြောင်းကြားခဲ့ပါကြောင်း တင်ပြလိုက်ရပါသည်။

0 comments:

Post a Comment